Entertainment

ငယ်ဘ၀ကို ပြန်အမှတ်ရစေမယ့် ကိုရီးယားဇာတ်လမ်းတွဲ (၈) ခု

ငယ်ဘ၀ကို ပြန်အမှတ်ရစေမယ့် ကိုရီးယားဇာတ်လမ်းတွဲ (၈) ခု

ဒီတစ်ပတ်ပိတ်ရက်မှာ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ရင်း အနားယူလို့ရအောင် ကိုရီးယားဇာတ်လမ်းတွဲ အဟောင်းလေးတွေကို ရွေးချယ်ပေးထားပါတယ်။ အခုပြောပြပေးသွားမယ့် ဇာတ်လမ်းတွဲ (၈) ခုလုံးက ငယ်ဘ၀ကို ပြန်အမှတ်ရစေပြီး အခုချိန်ထိ ပရိသတ်တွေရင်ထဲ ရှိနေတဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။

၁။ Autumn In My Heart 

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းတွဲလေးပါ။ အရင်က မြ၀တီချန်နယ်မှာ ပြပြီဆိုရင် လူကြီး၊ လူငယ်မရွေး အွန်စော၊ ဂျွန်စော၊ ထယ်ဆောက်ဆိုပြီး အပြေးကြည့်ခဲ့ရတာက ငယ်ဘ၀အမှတ်တရပါပဲ။ မင်းသမီး ဆောင်းဟေကျိုကို အောင်မြင်စေခဲ့တဲ့ ကားလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

ဇာတ်လမ်းလေးကတော့ ဂျွန်စောဆိုတဲ့ ကလေးလေးက ကလေးမီးဖွားဆေးရုံမှာ သူ့ညီမလေးနဲ့ တခြားကလေးလေးတစ်ယောက်ရဲ့ နာမည်ကတ်တွေကို ဆော့လိုက်မိပါတယ်။ ဒီလိုနဲ့ နာ့စ်မက နာမည်ကတ်တွေ ပြန်တပ်တဲ့ အချိန်မှာ လူချင်းလွဲပြီး တပ်မိသွားတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စီးမျောရင်း ကြည့်ရမှာပါ။   

၂။ Full House

ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ Han Ji Eun (Song Hye Kyo) ဟာ သူမ သူငယ်ချင်းနှစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရသူဖြစ်ပါတယ်။ သူမကို အသိမပေးဘဲ သူတို့ရဲ့ အကြွေးကိစ္စတွေ ဖြေရှင်းဖို့ သူမဖခင်ရဲ့ နောက်ဆုံးအမွေဖြစ်တဲ့ "Full House" ဆိုတဲ့ အိမ်လေးကို နာမည်ကြီးမင်းသား Lee Young Jae (Rain) ထံ ရောင်းချလိုက်ပါတယ်။

သူမအိမ်ကို ပြန်ရောက်တဲ့အခါမှာ ပိုင်ရှင်အသစ်ရှိနေပြီးသား ဖြစ်တဲ့အတွက် မင်းသားနဲ့ အတူတူနေရဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ဟန်ဆောင်လက်ထပ်ဖို့ပါ မင်းသားဘက်က တောင်းဆိုလာတဲ့အခါ ဘာဆက်ဖြစ်မလဲ၊ သာမန်မဟုတ်တဲ့ တွေ့ဆုံခြင်းကနေ ဖြစ်ပေါ်လာမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်တွေကရော ဘယ်လောက်ခိုင်မြဲမလဲ ဆိုတာ ရိုရိုချိုချိုလေး ကြည့်ရမှာ ဖြစ်ပါတယ်။

၃။ Tree of Heaven

ဒီဇာတ်လမ်းလေးကတော့ ကိုရီးယား၊ ဂျပန်ကပြားမလေး ဟန်နာ (Park Shin Hye) ဆိုတဲ့ ကောင်မလေးနဲ့ ယွန်စော (Lee Wan) ဆိုတဲ့ ကောင်လေးတို့ရဲ့ ရင်နင့်စရာ အချစ်ဇာတ်လမ်းလေးပါ။ ဟန်နာရဲ့ အဖေက ကိုရီးယား၊ အမေက ဂျပန်ဖြစ်ပြီး ကိုရီးယားအများစုရှိတဲ့ ဂျပန်က မြို့လေးတစ်မြို့မှာ နေထိုင်ကြပါတယ်။ 

ဟန်နာအဖေဆုံးတော့ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးနဲ့ လင်ပါသား ယွန်စောဆိုတဲ့ ကောင်လေးကိုပါ ဂျပန်ကို ခေါ်လာခဲ့တယ်။ ဟန်နာက ယွန်စောကို အကိုအရင်းလို ချစ်ပေမယ့် ယွန်စောကတော့ နောက်အိမ်ထောင်ပြုခဲ့တဲ့ သူ့အဖေကို နာကျဉ်းနေလို့ ဟန်နာကိုလည်း ကောင်းကောင်းမဆက်ဆံခဲ့ပါဘူး။  ဟန်နာ့ကို ယွန်စောက မောင်နှမ သံယောဇဉ်ထက်ပိုလာမလား၊ ဟန်နာ့ဘက်ကရော ဘယ်လိုတုံ့ပြန်မလဲ၊ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက သာယာဖြောင့်ဖြူးပါ့မလား ဆိုတာတွေကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။

Advertisement

Click Here > Queen Empire

၄။ Princess Hours

Remake တွေ ဘယ်လောက်ရိုက်ရိုက် ၂၀၀၆ က ထွက်ခဲ့တဲ့ ဒီကိုရီးယားဗားရှင်းကိုတော့ အကြိုက်ဆုံးပါ။ ရုပ်ရှင်ဇာတ်ဝင်တေးတွေဆိုလည်း ၁၇ နှစ်ထိတိုင်အောင် နားထောင်လို့ ကောင်းနေဆဲပါ။ သရုပ်ဆောင် Ju Ji Hoon နဲ့ Yoon Eun Hye တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရိုမန့်အမျိုးအစားလေး ဖြစ်ပါတယ်။ 

ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းတဲ့ အနုပညာ ကျောင်းသူလေးနဲ့ နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားလေးကို မိဘချင်း သဘောတူလက်ဆက် ပေးခဲ့ရာမှ ဖြစ်ပေါ်လာမယ့် အလွဲအချော်၊ ဟာသတွေကို ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် တွေ့မြင်ရမှာပါ။ ဟာသနဲ့ ရိုမန့်ကို ရောထားတဲ့အပြင် နိုင်ငံရေးသဘောတရားတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။

၅။ Boys Over Flowers

ဒီကားလေးကတော့ ကိုရီးယားဇာတ်လမ်းတွဲဟောင်းတွေ ပြန်ပြောတဲ့အခါ လုံး၀ချန်ခဲ့လို့မရတဲ့ ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ မြန်မာမှာတော့ F4 လို့ဆိုလိုက်ရင် လူကြီး၊ လူငယ်မရွေး သိကြတဲ့ ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာပြီး အရှိန်အဝါကြီးတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သူငယ်ချင်းလေးယောက် (ဂူဂျွန်ဖြိုး၊ ဂျီဟို၊ ရီဂျောင်း၊ ၀ူဘင်) တို့နဲ့ သူဌေးသားသမီးတွေပဲ တက်ရောက်ခွင့်ရတဲ့ ကျောင်းမှာ ပညာသင်ဆုရခဲ့တဲ့ သာမန်ဘ၀က ကောင်မလေး ဂင်မ်ဂျန်ဒီတို့ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုကနေ စတင်ဆုံဆည်းခဲ့ရပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲ ကြည့်ရှုနိုင်ပါတယ်။ 

၆။ 49 Days

ဒီကားလေးရဲ့ မြန်မာနာမည်ကတော့ အသက်ဆက်မျက်ရည်ဖြစ်ပြီး နာမည်လေးအတိုင်း ဝိညာဉ်လွင့်မျောနေတဲ့ ကောင်မလေးက သူမ ကိုယ်ခန္ဓာနဲ့ ဝိညာဉ်ပြန်တွဲခွင့်ရဖို့ မိသားစုဝင်မဟုတ်တဲ့ လူသုံးဦးဆီက တကယ်စစ်မှန်တဲ့ မျက်ရည်သုံးစက်ကို ၄၉ ရက်အတွင်း ရှာရတဲ့ ကားလေးဖြစ်ပါတယ်။ သူမရဲ့ အနားမှာ ရှိနေတဲ့ သူတွေက သူမအပေါ် အစစ်မှန် ကောင်းတဲ့သူတွေ ဖြစ်ရဲ့လားဆိုတာ အဲ့တော့မှ မျက်ဝါးထင်ထင် သူမ သိရမှာပါ။ သတ်မှတ်ရက်အတွင်း မျက်ရည်သုံးစက်ကရော ရှာဖွေနိုင်ပါ့မလား၊ သူမ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ ဆိုတာကို ရင်ခုန်စွာ ကြည့်ရမှာပါ။ ဒီဇာတ်လမ်းတွဲထဲမှာ Jung Il Woo၊ Bae Soo Bin နဲ့ Lee Yo Won တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

၇။ City Hunter

IMDb Rating 8.1 ထိရရှိထားတဲ့ ဒီဇာတ်လမ်းတွဲလေးက F4 ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ ဒုတိယ အအောင်မြင်ဆုံး ရုပ်ရှင်ကားလို့ ပြောနိုင်ပါတယ်။

ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဇာတ်လမ်းအစမှာ မြန်မာခေါင်းဆောင်ကြီးတွေရဲ့ ဗိမာန်ကို လာရောက်ဂါရ၀ပြုတဲ့ တောင်ကိုရီးယား သမ္မတကို မြောက်ကိုရီးယားဘက်က လုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးတွေအပါ၀င် တောင်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်း သံရုံး၀န်ထမ်းတချို့ သေဆုံးခဲ့ရပါတယ်။

ဒီလုပ်ရပ်ကို တောင်ကိုရီးယား အထက်ပိုင်းအရာရှိကြီးတွေက မခံမရပ်နိုင်ဖြစ်ကာ မြောက်ကိုရီးယားဘက်ကို သုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့ တိတ်တဆိတ် စေလွှတ်ခဲ့ရာကနေပြီးတော့ ဇာတ်လမ်းကို ပထမပိုင်းလောက်တည်းကနေ ဇာတ်ရှိန်တက်အောင် စွဲဆောင်ထားနိုင်ခဲ့ပါတယ်။ 

၈။ She Was Pretty  

ဇာတ်လမ်းအကျဉ်းကတော့ Kim Hye Jin (Hwang Jung Eum) က ချမ်းသာတဲ့အပြင် လှပချောမောတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ မိသားစုရဲ့ ကုမ္ပဏီ ဒေဝါလီခံလိုက်ရတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပြီး သူမရဲ့ အလှကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ 

Ji Sung Joon (Park Seo Joon) က​တော့ ငယ်ငယ်က ၀၀ကစ်ကစ်​လေးဆို​ပေမယ့် ကြီးလာတဲ့အခါ ချောမောပြီး အောင်မြင်​နေတဲ့ အယ်ဒီတာတစ်ဦး ဖြစ်ခဲ့ပါတယ်။ 

Hye Jin ဟာ အိမ်စီးပွားရေးအခြေအနေကြောင့် မိဘကို လုပ်ကျွေးနေရတာမို့ တစ်နေ့ သူမ အလုပ်သွားလျှောက်တဲ့ ကုမ္ပဏီမှာ သူမရဲ့ အချစ်ဦး Sung Joon ကို ပြန်လည်တွေ့လိုက်ရတဲ့အခါ Sung Joon က Hye Jin ကို မမှတ်မိခဲ့ပါဘူး။ ဒီ​တော့ Hye Jin က သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အချစ်ဆုံးသူငယ်ချင်း Min Ha Ri (Go Joon Hee) ကို သူ့အစား သူမနေရာမှာ ဟန်ဆောင်ခိုင်းတဲ့အခါ ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ခံစားကြည်ရှုရမှာပါ။

⇐ Previous Next

Read 1518 times